Sunday, March 30, 2014

Poem-3






=========
❆  ကျူရှင်  ❆ 
=========

- သူငယ်ချင်း.....

ငါ လေးတန်းတုန်းက...

အစိုးရစစ်

ကျူရှင်တက်ဖို့ မဖြစ်နိုင်တဲ့အချိန်

အိမ်မှာကျူရှင်ပြတဲ့ဆရာမ

ငါ့ကို အလကားလာတက်ဆိုလို့

တစ်ရက် သွားတက်ခဲ့ရဖူးတယ်။

ကျူရှင်လခ ပေးနိုင်သူတွေထဲ

ကိုယ်ကမပေးဘဲ တက်ရတာ

ရေရှည်ကျ အားနာစရာမို့

ဆရာမကိုဖွင့်ပြော တောင်းပန်

တားရှာသေးပေမယ့်...

ငါ....ကျူရှင်ကို ကျောခိုင်းခဲ့ရပြန်တယ်။

ကျူရှင် မတက်နိုင်ဘဲ

၎တန်းမှာ...အဆင့်တစ်ဆယ်ပဲ ရလို့

စိတ်ဓာတ်ကျမှာစိုးလို့ထင် ရဲ့ 

သဘောကောင်းတဲ့....ဆရာမတစ်ယောက်

ကျောင်းက ပေးတဲ့ ဆုအပြင်

တမင် သီးသန့် ငါ့အတွက်

ဆုသက်သက် ထပ်ချဖူးတယ်

ကျေးဇူးပါ.....ဆရာမရယ်......။

- သူငယ်ချင်း.....

 ဆယ်တန်းတုန်းက ငါ...

ကျူရှင် မတက်နိုင်လို့

ဘိုင်အိုမှာ ဆယ့်ငါးမှတ်နဲ့ 

အပြတ်အသတ် ကျခဲ့ဖူးတယ်။

-သူငယ်ချင်း.....

ငါ  တက္ကသိုလ် ရောက်ချိန်

အိမ်ကနေ ကျောင်းအသွား

လိုင်းကားပျက်ခဲ့ရင်

လစဉ်သတ်မှတ် ကျောင်းကားခအတွက် 

စိုးရိမ်ရေမှတ်ရောက်

အာရုံနောက် ရစတမ်း

ကျူရှင် ဆိုတာ...

အလှမ်းဝေးလွန်းလှပါတယ်။

နေ့ဖက်ကိုကျောင်းတက်

ညဖက် အလုပ်ခွင်မို့

ခရီးပန်းလို့ ကျောင်းမမှန်

စာတွေက အဆက်အဆံပြတ်

မင်းတို့ငါတို့

စာမေးပွဲနီးလို့

          အ​ရေးတကြီး သိလိုတဲ့စာများ                                       

ကျုရှင်ယူတဲ့ ...ဘော်ဒါတွေဆီကပ်

ကူးပြီး ကျက်မှတ်ခဲ့ရဖူးတယ်။

- ခုတော့...

ကျောင်းသားဘဝပြီးဆုံး

ဝုန်းကနဲ ပစ်ဝင်ဖို့ 

အလုပ်ခွင် ဘဝလမ်း

ရွေးရစတမ်းဆိုတဲ့အခါ

ကျူရှင် အမှတ်တရများနဲ့....ငါ

ဘာကိုရွေးချယ်ခဲ့သ လဲ။                    

နာသုံးနာကို ရင်မှာ ပိုက်ထွေး

ပညာဒါနတွေ ပေးဝေ

(ငါလေ)

ကျူရှင်ဆရာ ဖြစ်နေလေရဲ့  ။       ။

အိန်ခက်မျိုး 

29.10.2013

(Tuesday)

3:28 a.m.










No comments:

#cboxmain{ background:url(http://i117.photobucket.com/albums/o74/zwel/Avril-Lavigne-Photograph-C11800763c.jpg) center no-repeat; font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; } #cboxdiv{ font-family: 'ZawGyi-One', ZawgyiOne, Zawgyi1, Trebuchet MS, Trebuchet, arial, verdana, sans-serif; }